Monday, August 9, 2010

“ကိုယ့်ကိုယ်ကို ပြန်ပိတ်ထားတဲ့ တံခါး”


ကျွန်မမှာ
သူရဲကောင်း နှစ်ယောက်ရှိတယ်..
တယောက်က ကျွန်မတို့ကို စိတ်ချလက်ချထားရစ် ထွက်ခွာခဲ့ပြီး
နောက်တယောက်က နီးနီးလေးနဲ့ ဝေးနေခဲ့ ဝေးနေတုန်းရယ်..။

သံယောဇဉ်နောက်မှာ
မှော်ရောင် မြူရောင်တွေ....
ကြည့်လိုက်စမ်းပ
ခုခဏ က ခဏခဏ ပြန်မလာဘူး
ပြန်မရနိုင်ဘူး ဆိုပါတော့
ဘာကို ကျွန်မတို့ ဆုတောင်းကြမလဲ?
ပြည့်ဖို့ သေချာနေတဲ့ ဆုတွေပဲ ထပ်ထပ်တောင်းမလား
မပြည့်ဖို့ သေချာနေတဲ့ ဆုကိုပဲ ထပ်တောင်းကြမလား။

ဖေဖေ့ပါးစပ်မှာ
ရေပန်းစားဆုံးစကားတခွန်းက
ခွေးမြီးကောက်တွေ။



အားလုံး ခေါင်းငုံ့
ငြိမ်ချလိုက်.. ... ..

နောက်ထပ်တိတိပပ အရေးပါသက်ရောက်မှုမရှိတဲ့
မိုးစက်လေးတပေါက်...ရဲ့ 
ကမ္ဘာမြေကြီးနဲ့ ရိုက်ခတ်မိတဲ့အသံ
ပြီးတော့ လွင့်စင် ဖွာထွက်သွားတဲ့အသံ
နောက်...ရှတတ သံဝေဂ ဟာ အိမ်ပြန်လာနေတဲ့အသံ

ထီးစိမ်းလေးတချောင်းလို
ကိုယ့်ကိုယ်ကို ခေါက်စည်းမိပြီ

ဖြစ်စလွယ် ဆုံခဲ့ကြတာ မဟုတ်တဲ့အကြောင်းကိုပြောဖို့
တိုင်တည်ဖို့
ချစ်ရသော မေမေ၊
ကျွန်မရဲ့  ကိုယ်စောင့်နတ်သခင် ဘယ်မှာလဲ.. ... ..
.. .. .. .. .. .. .. .. .. .. .. .. ...
.. .. ... .. .. ... .. .. ... .. .. ...
အလင်းကိုဝှက်လိုက်တဲ့
လက်ချောင်းရှည်ရှည်တွေနဲ့
ပတ်သတ်မှု မကုန်ခမ်းသမျှ
ကြယ်ဖျောက်ဆိပ်တွေကြား

ခေါ်သံဟာ
တိုးတလှည့် ကျယ်တလှည့်
ပုန်းတလှည့် ပေါ်တလှည့်
မျှော်တလှည့် မမျှော်တလှည့်

ရောင်စုံတောက်ပနေတဲ့ သက်တန့် ကိုမှ
အဖြူရောင်ဆိုးချင်ခဲ့တဲ့ ကလေးတယောက်လို..

ဒေါသကြီးပြီး မပေါက်ကွဲပြတတ်တဲ့
နှုတ်ခမ်းတွေလို.. ... ..။



ညီမလေးက ပြောတယ် မကြီးကို သနားတယ်တဲ့
မောင်လေးက ဖုန်းဆက်တယ် သတိရနေတယ်
ဒါပေမယ့် မပြတ်သားသေးဘူးတဲ့
ကိုကြီးက မေးတယ်....ဘာကိစ္စပြုံးပြနေတာလဲနင်က တဲ့
မျက်စိနာနေတာပါ....ဖေဖေရယ်လို့ ဖြေရင်း
ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ရင်
သမီးကြီးက သိပ်စိတ်ကူးယဉ်ဆန်လွန်းတယ်ပြောတဲ့
မေမေ့ကို သတိတရနဲ့ သတိတွေရ

တံခါးဆီလှမ်းနေတဲ့လက် တုံ့ကနဲ
နှင်းနီနီတွေ ရုတ်ချည်းသဲလာ
အချိန်တွေက အချိန်သိပ်မှန်လွန်းတဲ့အခါ
ကျွန်မလေ
ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကို ဆွဲဖွင့်ရဲတော့မှာလဲ.. ... ..။


မှူးဒါရီ

6 comments:

နွေဆူးလင်္ကာ said...

ဆွဲမဖွင့်ရဲရင်လည်း ခေါက်လိုက် .. ဒါမှမဟုတ် တွန်းဖွင့်ရတဲ့ တခါးနေမှာပေါ့ :-)

emayarKhin said...

အရမ်းကြိုက်တယ်..

နွေညို said...

နင့်နင့်နဲနဲခံစားရတယ် အစ်မ . . .

November Shwe Moe said...

ကဗျာလေး ကိုဝင်ပြီး
ခံစားခဲ့ပါတယ်
ကျနော်..တစ်ကယ်ကြိုက်ခဲ့ပါတယ်။

November Shwe Moe said...

ကဗျာလေးကို
ဝင်ပြီး ခံစားသွားတယ်။
ကြိုက်တယ်...

November Shwe Moe said...

ကဗျာလေးကို
ဝင်ပြီး ခံစားသွားတယ်။
ကြိုက်တယ်...