Thursday, August 12, 2010

အရူး ၁

ဒီကဗျာကို ကဗျာလိုရေးဖို့
ဘယ်လောက် ကြိုးစားခဲ့ရသလဲ
စကားအဖြစ် ၀တ္ထရားကျေပွန်မှုအဖြစ်နဲ့တောင်မှ
မေးခွန်းမထုတ်ကြပါနဲ့လားကွယ်.. .. ..
လွင့်လွင့်မျောမျော..
မိုးထဲရည်ထဲ၊ သံသရာထဲ
လမ်းလျှောက်ထွက်ခဲ့တယ်
အေးမြခြင်းတွေ ကိုယ့်ထံ ကူးစက်မလာဘူး
အများ နားလည်အောင်လည်း ကိုယ်က နေမပြတတ်ဘူး
သူ့ မျက်လုံးတွေထဲက အဓိပ္ပာယ်တွေ ကိုယ်ဆွဲမထုတ်တတ်ဘူး
မျက်လွှာတွေသာ ခဏခဏ ချဖြစ်တယ်
ရင်တုန်ပန်းတုန် အက္ခရာတွေ သူရေးခြစ်တော့
မျက်လုံးလေး ပေကလပ်ကလပ်
ကိုယ့်ရင်ခုန်သံကိုယ် လိုက်လိုက်ဖမ်း
ကိုယ့်အရိပ်ကိုယ် လိုက်လိုက်ဖမ်း
ကိုယ့်သိပ်သည်းမှုနဲ့ကိုယ်မွန်းကျပ်နေရ။
ပျော်ချင်တယ်.. ကျန်တာတွေ ဂရုမစိုက်အားဘူးဆိုတော့
ပျော်ချင်တယ်မလား ပျော်လိုက်ပါလားတဲ့
ဟုတ်မှာ ပျော်ချင်ရင် လွယ်လွယ်လေး
ကိုယ် သံယောင် လိုက်မိတယ်
သူငယ်ချင်း.. ကိုယ့်ခြေထောက်ရှေ့ မင်းခြေထိုးခံပေးမလား
မှောက်လဲကျတဲ့ ကိုယ့်ကိုယ်ကို လက်ညိုးထိုး
ဟားတိုက်ရယ်ပစ်လိုက်ရရင် ကောင်းသွားမှာပါ

မှူးဒါရီ

2 comments:

အမရာ said...

စကားလုံးတွေငေးသွားတယ်...
ကဗျာကရှယ်ပဲ...။။။

ဆူးရင့် said...

ကဗျာလာဖတ်ဖြစ်ပါတယ်
တကယ် ကောင်းတဲ့ ကဗျာပါ
အမှန်က ကိုယ့်ကိုယ်ကို
ဟားတိုက် ရယ်မောပစ်တာလဲ ပျော်စရာ တစ်မျိုးပါပဲ။
ကဗျာများ ဆက်လက် ရေးသားနိုင်ပါစေ..။