Tuesday, September 28, 2010

၃ ဂဏန်း

၃ ဂဏန်း

အကြောင်းအရာတွေ တိုက်ဆိုင်တယ်ဆိုပြီး
အစကနေ ပြန်အလွမ်းသယ်ရမှာလား?
နဝေတိမ်တောင် ကလယ်ကလယ် မလုပ်စမ်းနဲ့
နင့်ကို မုန်းတဲ့အကြောင်း မပြောမိခဲ့ဘူးလား...
( ငါက မေ့တတ်တယ်။ )
အေးဆေးပေါ့ ၆လစာ ဆံပင်တွေ ရှည်လာပြီပဲ
ကမ္ဘာကြီးကတော့ ဘယ်တုန်းကမှ ကဗျာမဆန်ပါ
ပြောချင်ရာ ပြော၊ ရေးချင်ရာ ရေးရန် အသက်ရှင်နေထိုင်၏
ခပ်ပါးပါး ဒဿနတခု ဖြစ်ချင်ဖြစ်မယ်
သတ္တိဆိုတာ အမြင်မတွေ့ တိုင်း ပတ်ရမ်းတတ်တဲ့ လက်သီးထိုးပွဲကို ပြောတာမဟုတ်ဘူး။
သဘောထားမတိုက်ဆိုင်မှုများအား
လွတ်လပ်စွာ အလွဲသုံးစားလုပ်ပိုင်ခွင့်ရှိစေ
လူသွားလမ်းမှာ လှဲအိပ်နေရင်တော့ ..တချိန်ချိန်မှာ အနင်းခံရနိုင်တယ်
မကြိုက်ဘူး မကြိုက်ဘူး လုံးဝကို မမိုက်ဘူး
ညတွေ လူးလှိမ့်နိုးထလာပြီဆိုရင်
မျက်လုံးတွေကို အသာအယာချက်ထိုးပြီး
လေထုထဲက အသက်ဓါတ် ၂၀ရာနှုန်းကို ချွေတာရှူရှိုက်နေရတာ..
မဖြစ်နိုင်တာကိုမှ သုံးဘ၀စာ ပါဝင်ပတ်သတ်ခွင့်နဲ့
မနက်၆နာရီထိုးတဲ့အထိ... မလှုပ်မယှက် သုံးလ (ဘာတွေလဲကွာ..!)
ဒီနားလည်စာနာပေးခြင်းမှာ ခင်ဗျားလေးထင်သလို နှစ်မျက်နှာ မပါဘူး
ရှေ့တူတူကြည့်ပြီး ဆက်သရွေ့ မရပ်သရွေ့ 
အထက်အောက်ယှဉ်ပြီး ဘ၀ပျက်၊မပျက် မဆုံးဖြတ်နိုင်
ဆန္ဒတွေကို ဆန္ဒတွေကသာ သတ်နိုင်လိမ့်မယ်
ပြီးတော့ ကိုယ်ပြောမယ့်စကား အရင် ကိုယ့်နား ခံသာ၊ မခံသာ
ရောမချနဲ့ စောဒက မတက်နဲ့
သို့လော သို့လော.. ဒီလိုလို ဟိုလိုလိုတွေ..
ခံစားမိသမျှ အမှိုက်ဆိုရင်တော့
အဟမ်းပြီးရင် တပါတည်း ထွီ ပစ်ဖို့ တနည်းတည်း
ကျောခိုင်းထားတဲ့ အရပ်ကလည်း နေထွက်ချင်ထွက်မယ်
ဓာတ်ပုံတွေကို မျက်လုံးထဲကကို မထွက်ဘူး တဲ့
လွန်ခဲ့တဲ့ ၃ရက်စပြီး လက်သီးဆုပ်လိုက်ရင် နာနေတုန်းပဲ။

မှူးဒါရီ

No comments: