Sunday, October 10, 2010

မောင်ဖတ်ဖို့.....(၂)



သက်သေပြစရာ မလိုတော့တဲ့ အနုတ်လက္ခာ
လမင်းက ဘယ်သူဘယ်ဝါ ဘယ်မှာဘယ်သို့ ...
နင့်အပျော်တွေက ငါ့အပျော်တွေကို မျက်နှာလွှဲပေးဖို့ သေဖော်သေဖက် ညှိလာတဲ့အခါ
တအိအိနဲ့ အဆုံးထိ နစ်ရုံပဲ ကျန်တာပေါ့
ခုမှတော့ ဒီခြေထောက်တွေကို ရပ်ဖို့ ဘယ်လိုပြောမလဲ
တည့်တည့်မတ်မတ် ရင်ဆိုင်ချိုးဖျက်လာခဲ့တာတွေလည်း
အတိအကျ ချွတ်ချော်လွဲမှား
ပြတ်ဆဲရေးမူဝါဒတွေမှာ ဆင်ခြေဆင်လက် မလိုအပ်သောချွင်းချက်အရ
သိပ်နောက်ကျနေပြီ ဆိုတဲ့ အသံဟာ ကြည်လင်ပြတ်သားရတယ်

ဒဏ္ဍာရီပုံပြင်လို့ အခိုင်အမာ မှတ်ပုံတင်ပြီး
နှစ်သက္ကရာဇ်တခုခမျာ ပုံ့ပုံ့လေး ရှိုက်ငင်
ချစ်ခြင်းမေတ္တာပေါ် အစွန်းလွတ်ပုဒ်မတွေ ဘောင်ခတ်တော့
အပြုံးကိုထွက်ပေါက်အဖြစ် အကျင့်ပါနေတဲ့ မိန်းမလေ
သံသယဓါးတွေ ပန်ထားမယ်
သော့ခတ်ထားတဲ့ဝင်ပေါက်ကို
တခုတည်းသောထွက်ပေါက်အဖြစ် အမြင်မှောက်မှားမယ်
စိတ်လှုပ်ရှားလာရင် ကိုယ့်အရိပ် ကိုယ်ငုံ့ရှာမယ်
မျက်တောင်တွေကို ပုတ်ခပ်ပုတ်ခပ်ခိုင်းစေဖို့ ခလုတ်ရှာမယ်
အဲ့လိုညတွေကနေ ခုလိုညတွေထိ
အပြောင်းအလဲတွေက ပြောင်းလဲရလွန်းပြီး တည်ငြိမ်လာပြီ

အနီးကပ်ကြည့်လိုက်ရင်..
အကြည့်နဲ့ အကြည့်ထိမိဖို့တောင် ဆယ်ယုဇနာ
သူ့စိတ်တိုင်းကျ ကပျက်ကချော်လေး အငွေ့ပျံရတာကိုမှ သာယာခဲ့တယ်
ဘယ်တော့များမှ နီးရမယ်၊ အမေ့ခံ ပဋိပက္ခတွေ
ဒီနေ့ မဖြစ်လာသေးတဲ့ မနက်ဖြန်များစွာရဲ့  မျှားစာအနာဂတ်
မျက်ရည်စက်ကျရာမှာ..သမုဒ္ဒရာဖြစ်ရင်...
အသံကျရာမှာ.. သဲတွေတဖွားဖွားဝေလိုက်စမ်း
အဲ့ဒီလိုနဲ့ တနင်္ဂနွေဟာ သောကြာဆီက လှည့်ပြန်သွားရနိုးနိုး
စနေညက မိုးသည်းထန်စွာ ရွာပြီး...
ကျမ မရောက်ခဲ့တဲ့ ကားမှတ်တိုင်လေးဟာ ခြေလက်တွေပေါက်
မောင်ခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားတော့တာပဲ
ကျမခေါ်သံ..မောင်ကြားမှကြားပါ့မလား......................။


မှူးဒါရီ

No comments: