Tuesday, January 4, 2011

“ခါနေတယ်”


တနေရာရာ ဒါမှမဟုတ် ဘယ်နေရာမှာဖြစ်ဖြစ် ချိတ်ထားလိုက်
ဘာတွေဖြစ်ဖြစ် ချိတ်ထားလိုက်
နားတဖက်မှာဖြစ်ဖြစ်၊ မျက်ရစ်ဖောင်းဖောင်းပေါ်မှာပဲဖြစ်ဖြစ်၊
လက်ကောက်ဝတ်မှာပဲဖြစ်ဖြစ်။
ခုမှ မစကြသေးရင်၊ ဘယ်တော့မှစဖြစ်ကြမှာ မဟုတ်ဘူး
ခုနေမှ မသိသေးရင်၊ ဘယ်တော့မှ သိလာနိုင်စရာ မရှိဘူး
ရှိတော့လည်း ရှိလို့၊ မရှိတော့လည်းမရှိလို့
ဥပေက္ခာမှာ အနိမ့်ပါးဆုံးအဆင့်ပေါ့
ဟုတ်ကဲ့ မသိသေးပါဘူး၊ မေးလို့လည်း ဖြေရသေး
ဘာကိုမသိသေးတာလဲ၊ ဘာမှကို မသိသေးတာပါ
တခါတလေကျတော့ အငြင်းဝါကျတွေကမှ အနှစ်သာရနဲ့
အောက်သက်ကျေသလိုလို နှိမ်ချခြင်းမှာ
ဘယ်လောက်များ ငါတို့ ပျော်မွေ့ယဉ်ပါးကြပါသလဲ
ဒီညလည်း ဟိုညတွေလိုပဲ အိမ်ပြန်နောက်ကျလိမ့်မယ်
အိမ်ပြန်နောက်ကျရင် တုတ်ကောက်ခဲ့ မှာမယ့်သူ မရှိတော့
အိမ်အ၀င်ဝမှာ လက်ကလေးပိုက် ငြိမ်သက်ခဲ့၊
တံမြက်စည်းတွေကတောင် လွမ်းတယ် မေမေ
အိပ်ရာဝင်ခါနီး ဆံပင်စိုစိုတွေကြောင့် ခေါင်းတခြမ်းကိုက်နေပြီ
သူများရင်ကြိုး ၆ချောင်း၊ ကိုယ့်ရင်ဆီ ပြောင်းတပ်ပြီးမှ တီးခတ်ခဲ့သူပါ
ခြေဆေးလက်ဆေး သတ္တ၀ါအပေါင်း ရောဂါဘယကင်းစေဖို့၊
အရိပ်ထင်ရာ တိမ်ခြင်းနက်ခြင်းကင်းသော ရေဖြစ်ပါရစေ...
ညနက်လာလေ.. မျက်လုံးထဲ အရိပ်တွေ ထူထဲလာလေပဲ
သွားမယ်လို့ ပြောမသွားတာက ဘယ်သူ
သွားမယ်ဆိုပြီးတော့ မသွားနိုင်သေးတာက ဘယ်သူ
မပြောမဆိုနဲ့ ထွက်သွားတာက ဘယ်သူ
နှုတ်ဆက်ခွင့်လား နှုတ်ခွန်းဆက်သခွင့်လား
ခေါင်းမော့ထားတာလား ခေါင်းငုံ့ထားရမှာလား
ခေါင်းမခါမိပေမယ့် မျက်လုံးတွေတော့ ခါနေတယ်။။

မှူးဒါရီ

1 comment:

လင်းခေတ်ဒီနို said...

ဒီညလည်း ဟိုညတွေလိုပဲ အိမ်ပြန်နောက်ကျလိမ့်မယ်
အိမ်ပြန်နောက်ကျရင် တုတ်ကောက်ခဲ့ မှာမယ့်သူ မရှိတော့
အိမ်အ၀င်ဝမှာ လက်ကလေးပိုက် ငြိမ်သက်ခဲ့၊
တံမြက်စည်းတွေကတောင် လွမ်းတယ် မေမေ


ကဗျာကောင်းလေး တပုဒ်ဖတ်လိုက်ရတယ်
အရမ်းကောင်းတယ်း)