Thursday, June 12, 2008

“အချစ်ဦး”


လက်နောက်ပစ်ထားတဲ့

ကောင်လေးကို မြင်ခဲ့ဖူးတယ်။


အနီရောင် စာအိတ်လေး

ပစ်ပေးသွားတဲ့ ကောင်လေးကို အံဩခဲ့ဖူးတယ်။


ကျောင်းစားပွဲလေးပေါ်က အပတ်စဉ်တင်ထားတတ်တဲ့

အနီရောင် နှင်းဆီတစည်းကို လွှတ်ပစ်ခဲ့ဖူးတယ်။


လမ်းတွေ့ရင် ရှောင်သွားတတ်တဲ့

ကတုန်ကရင် ကောင်လေးကို သတိထားမိလာတယ်။


စာသင်ချိန် အတန်းထောင့်ကနေ

ငေးနေတတ်တဲ့ ကောင်လေးကို မျက်မုန်းကျိုးခဲ့ဖူးတယ်။


ခဏခဏ ကြားခဲ့ရတဲ့

လမ်းထိပ် အုတ်ခုံဆီက မတောက်တခေါက် ဂစ်တာတီးသံကို

အပြစ်တင်ခဲ့ဖူးတယ်။


ညနေ ၅နာရီထိုးတိုင်း

အိမ်ရှေ့ဖြတ်သွားတတ်တဲ့ စက်ဘီးလေးကိုလည်း

မသိချင်ယောင်ဆောင်ခဲ့ဖူးတယ်။


ကျောင်းအပြန်...လိုက်လာတတ်တဲ့

ကောင်လေးကို နှင်ထုတ်ဖို့လည်း ကြိုးစားခဲ့ဖူးတယ်။


အဖြူနဲ့ အစိမ်းဝတ်တုန်းက...

နှလုံးသားကို အိမ်မှာအမြဲထားရစ်ခဲ့ရတယ်။


“အချစ်” ဆိုတာဘာလဲလို့

အမေးခံရပြီး ကြောင်သွားတဲ့ ကောင်လေးမျက်နှာကို...

အခု ကိုယ်ချင်းစာတတ်လာတယ်။


မှတပါးအခြားမရှိပါတဲ့

နာကျင်သွားတဲ့ ပါးပြင်လေးကိုပွတ်သပ်

နှုတ်ဆက်သွားတဲ့ ကောင်လေးတစ်ယောက်ကို...


နောက်၁၀နှစ်လောက်ကြာမှ

အမှတ်ရနေတယ်ဆိုရင်...တရားပါသလား။

မှူးဒါရီ

2 comments:

honey said...

မတရားဘူး မတရားဘူး
နောက်ဆုံးအချစ်ကို ပိုချစ်ပေးလိုက်ပါကွာ
;)

ein said...

အမ ဟုတ်တယ် အမဟန်နီပြောသလိုပဲ အဲလိုလုပ်လိုက်တာ အကေဆုံးပဲဗျ...:)